နေပြည်တော်မှာကျင်းပမယ့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေထက်ပိုပြီး ခန်းနားစည်ကားစွာ ကျင်းပသွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောပါတယ်။မတ်လ(၁၀)ရက်နေ့က နေပြည်တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေးခန်းမမှာကျင်းပတဲ့ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်ပြီးဖြစ်တဲ့အတွက် အခုနှစ်မှာကျရောက်မယ့် ၁၃၈၆ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေထက်ပိုပြီး ခမ်းခမ်းနားနား ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အခုနှစ်နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ဖော်ပြနိုင်မယ့်သရုပ်ဖော်မှုကိုလည်း ထည့်သွင်းသွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မတ်လ၇ရက်က ပြုလုပ်တဲ့ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားထားပါတယ်။

အခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေကိုပါ ဖိတ်ကြားသွားမှာဖြစ်ပြီး အရင်နှစ်တွေနဲ့မတူ မြန်မာ့သနပ်ခါးပါ တွဲဖက်ပါဝင်မှာဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်စရာကောင်းတဲ့လမ်းလျှောက်သင်္ကြန်ဖြစ်မယ်လို့ ယုံကြည်ကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။