ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေ ကို စက်တင်ဘာ ၂၈ ရက်က ပြစ်ဒဏ်လျော့ပေါ့နဲ့ ပြန်လွှတ် ပေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
အကျဉ်းကျခံနေရတဲ့ကာလအတွင်း ဦးခင်ရွှေဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသဆောင်၊ သီသန့်ခန်းမှာ ၂၀၂၄ ခုနှစ် ဧပြီလကစပြီး အာရုံကြော အားနည်းတဲ့ရောဂါနဲ့ ဦးခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ လည်း သိရပါတယ်။

အဲဒီကျန်းမာရေးပြဿနာကြောင့် လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့လည်း အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။
ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေကိုတော့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ – ၂၄ နဲ့ ဗဟန်းမြို့မရဲစခန်းမှာ ၂၀၂၂ ခုနှစ် မတ်လက အမှုဖွင့်ခဲ့ပြီးနောက် ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာ ဖြစ်ပါ တယ်။
ဇေကမ္ဘာ ဦးခင်ရွှေ ပြန်လွတ်လာပေမယ့် အမှုတွဲမှ သားဖြစ်သူ ကိုဇေသီဟ ပြန်လွတ် လာခြင်း ရှိမရှိကတော့ မသိရ သေးပါဘူး။