မြန်မာ့တူရိယာ ဗုံနဲ့ ပတ်မတွေကို ပြက်ရယ်ပြု စော်ကားသဖွယ် ဖြစ်နေတဲ့ ဗုံတီးမယ် တေးသီချင်းကို ဖန်တီး ထုတ်လွှင့်သူ၊ စီစဉ်သူနဲ့ ပါဝင်သူတွေကို စိစစ်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။တေးရေး/တေးဆို အောင်ပါစေ ရဲ့ “ ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုထဲမှာ မြန်မာလူမျိုးတို့ရဲ့ အမြတ်တနိုး တန်ဖိုးထား ဂုဏ်ယူရတဲ့ မြန်မာ့တူရိယာဗုံနဲ့ ပတ်မတွေကို ပြက်ရယ်ပြု စော်ကားသဖွယ် ဖြစ်နေတဲ့ သရုပ်ပျက် ကပြ ဖျော်ဖြေတာနဲ့အတူ တေးသီချင်း စာသားတွေမှာ ညစ်ညမ်းတဲ့ အဓိပ္ပာယ် ပေါက်စေနိုင်တဲ့ အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားတွေ ပါဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ အမိန့်အမှတ် ၃၂/၂၀၂၄ အရ မိမိတို့ လွှင့်တင်မယ့် အကြောင်းအရာတွေကို စိစစ်ရေးအဖွဲ့ထံ တင် ပြပြီး စိစစ်မှု ခံယူရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။တေးရေး/တေးဆို အောင်ပါစေ အနေနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ် ရယူတာမရှိဘဲ သူရဲ့လူမှုကွန်ရက်အမျိုးမျိုးကနေ တေးသီချင်း ဗီဒီယို တွေကို ထုတ်လွှင့် ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့် ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင် ခွင့် မှတ်ပုံတင် လက်မှတ်တွေကို စိစစ် ထုတ်ပေးနေတယ်လို့ သိရပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း အချစ်ခံကြည့်၊ စောင့်ပက်၊ စကားလေးတခွန်းပဲဖြေ ချစ်လား၊ ဘီယာဗိုက် စတဲ့ တေးသီချင်း သီဆိုသူတွေနဲ့ ပါဝင် သရုပ်ဆောင်သူတွေကို အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေအရ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့တာ ရှိတယ်လို့လည်း သိရပါတယ်။