စိစစ်ရေးအဖွဲ့ကို တင်ပြထားတာမရှိတဲ့ ဆင်ဆာမူနဲ့ ငြိစွန်းတဲ့ ဗီဒီယိုဖိုင် လွှင့်တင်ထားကြောင်း စိစစ်တွေ့ရှိတဲ့ အတွက် TRUST Entertainment ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူတွေအနေနဲ့ မိမိတို့လွှင့်တင်မယ့် အကြောင်းအရာတွေကို စိစစ်ရေးအဖွဲ့ထံကို ဦးစွာတင်ပြပြီး ခွင့်ပြုချက် ရယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် TRUST Entertainment အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် လုပ်ငန်းလုပ်ကိုင် ခွင့် မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းခဲ့တာဖြစ်ပြီး တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ စိစစ်နေတယ် လို့လည်း ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့် ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်ရယူပြီးသူတွေအနေနဲ့ မိမိတို့လွှင့်တင်မယ့် အကြောင်းအရာ တွေကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် မရှိသူတွေအနေနဲ့လည်း မှတ်ပုံတင်လက်မှတ် လျှောက်ထား ရယူဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။