ရှမ်းပြည်နယ် (တောင်ပိုင်း) ၊အင်းလေး ဒေသမှာ ရိုးရာလှေပြိုင်ပွဲကို နှစ်ရက်တာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၈)ရက် နဲ့(၉)ရက် နှစ်ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး နမ့်ကတ်ချောင်းမှာ ပြုလုပ်သွား မှာပါ။

ရိုးရာလှေပြိုင်ပွဲကျင်းပရတာက အင်းလေးဒေသမှာခရီးသွားလုပ်ငန်းများဖွံဖြိုးတိုးတက်စေဖို့၊ ခရီးစဉ်အသစ်တွေ နဲ့ ခရီးသွား ဆွဲဆောင်မှုတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ ခြေနဲ့လှော်တဲ့ရိုးရာဓလေ့တွေမပျောက်ပျက်စေဖို့၊ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ ကြည့်ရှုနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာပါ။ရိုးရာလှေလှော်ပြိုင်ပွဲမှာ အမျိုးသား လေးကျိတ်ခြောက်တက် လေးသင်း၊အမျိုးသမီး နှစ်ကျိတ် ခြောက်တက် လေးသင်းနဲ့ ကျောင်းသားနှစ်ကျိတ်ခြောက်တက် လေးသင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်းပေါင်း(၁၂)သင်း ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ (၃) ရက်က ညောင်ရွှေမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရိုးရာလှေပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးကနေသိရပါတယ်။

အင်းလေးဒေသမှာ ရိုးရာလှေပြိုင်ပွဲကို ဖောင်တော်ဦးဘုရားပွဲနဲ့ အတူနှစ်စဉ် ကျင်းပလေ့ရှိတာဖြစ်ပြီး အခုနှစ်မှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် ဖောင်တော်ဦးဘုရားပွဲတော် နဲ့ ရိုးရာလှေပြိုင်ပွဲကို မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။