ရှမ်းပြည်နယ်အရှေ့ပိုင်း လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနား ကို တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံအပေါ်ရွာရှိ ရွှေဘူးသီးလားဟူရိုးရာ စားသောက်ဆိုင်မှာ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခုကျင်းပတဲ့ လားဟူတိုင်းရင်းသားတွေရဲ့ စုပေါင်း နှစ်သစ် ကူးပွဲတော်ဟာ ပဥ္စမအကြိမ်မြောက် ကျင်းပကြတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပတာကတော့ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ ဘာသာသာသနာ၊ စာပေနဲ့ ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့တွေကို လေးစား ဂုဏ်ယူနိုင်စေဖို့၊ တိမ်မြုပ်နေတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့နဲ့ အနယ်နယ်အရပ်ရပ်မှာ နေထိုင်နေကြတဲ့ လားဟူတိုင်းရင်းသားတွေ ပြန်လည်ဆုံတွေ့နိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့်ယဉ်ကျေးအသင်းချုပ်မှ အဖွဲ့ဝင် ဦးလှဝင်းက ပြောပါတယ်။

အဲဒီအခမ်းနားမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင်နဲ့ တာဝန်ရှိသူတွေ၊ လားဟူတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ် တာနဲ့ တာဝန်ရှိသူတွေက ဂုဏ်ပြုအမှာစကားပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ နှစ်သစ်ကူးပွဲတော်မှာ တက်ရောက်လာတဲ့ လားဟူတိုင်းရင်းသားလူငယ်တွေရဲ့ ရိုးရာလက်ဆေးမင်္ဂလာပွဲနဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ် စတဲ့ လားဟူတိုင်းရင်းသားမောင် မယ်လူငယ်တွေရဲ့ ရိုးရာအကပြိုင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။