၂၀၂၄ ခုနှစ်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပြုလုပ်တဲ့ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ အရွေးမခံရတဲ့ မောင်မယ်တွေကို ဖျော်ဖြေရေးကဏ္ဍအတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက ပြန်လည်ခေါ်ယူပေးတာဟာ အခွင့်အရေးတစ်ရပ် ထပ်ပေးတာဖြစ်တယ်လို့ အနုပညာရှင်အချို့ က ပြောပါတယ်။

ရွှေကြိုမောင်မယ်တွေအဖြစ် နောက်ဆုံးအဆင့်မှာ အရွေးမခံရပေမယ့်လည်း အရည်အသွေးရှိပြီး ဝါသနာ ကြီးတဲ့ မောင်မယ်အားလုံးကို ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ဖိတ်ခေါ်ပေးထားတဲ့ အသိပေးကြေညာချက်ကို ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ အခုလို ပြောကြားလိုက်တာပါ။ရွှေကြိုအဖြစ် အရွေးမခံခဲ့ရပေမယ့် အခုလို အခွင့်အရေးတစ်ရပ်အနေနဲ့ ထပ်ပေးလိုက်တာဟာ ခွန်အား တစ်ခုကို ဖြစ်စေတယ်လို့ တစ်ချိန်က ရွှေကြိုတစ်ယောက်လည်းဖြစ်ခဲ့ဖူးတဲ့ သရုပ်ဆောင်အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။

ရွှေကြိုပြိုင်ပွဲကို ဝင်ရောက်ပြိုင်ဆိုင်ကြရာမှာ တစ်ယောက်နဲ့တစ်ယောက် အရည်အသွေးတွေ အပြတ်အ သတ် ကွာခြားတာ မရှိခဲ့ကြောင်းတွေ့ရတဲ့အတွက် အခုလို ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့ ဆောင်ရွက် ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ကြေညာချက်မှာ ပါရှိပါတယ်။အခုလို ခေါ်ယူလိုက်ပေးတာဟာ အရွေးမခံခဲ့ရတဲ့ မောင်မယ်လေးတွေအတွက် အခွင့်အရေးရှိစေချင်လို့ အခွင့်အရေးထပ်ပေးလိုက်တာဖြစ်တယ်လို့ ဇာတ်ညွှန်းအောင်ကြီးကပြောပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကူညီနိုင်ဖို့ ရွှေကြိုမောင်မယ်တွေအဖြစ် ရုပ်ရှင်စိတ်ဝင်စားသူ လူငယ်တွေ ကို လျှောက်လွှင်တင်ခေါ်ယူခဲ့ရာကနေ နောက်ဆုံးဆန်ခါတင်အဖြစ် ရွှေကြိုမောင်မယ် အယောက်(၄၀) ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။အမှန်တကယ် အချိန်ပေးနိုင်ပြီး ရုပ်ရှင်ဝါသနာပါတဲ့ ရွှေကြိုယှဉ်ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်မှာ အရွေး မခံရတဲ့ မောင်မယ်တွေအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ အမြန်ဆုံးလာရောက် စာရင်းပေးသွင်းကြ ဖို့ကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးကြေညာထားပါတယ်။