နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ 2025 Countdown Festival ကို ကျင်းပပြုလုပ် မှာ ဖြစ်တဲ့အတွက် တစ်ညတာ ညမထွက်ရ အမိန့်ကို ပယ်ဖျက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ညမထွက်ရအမိန့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်၊ မနက် ၁ နာရီကနေ ၃ နာရီထိ တစ်ညတာ ပယ်ဖျက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

2025 Countdown Festival ကိုတော့ ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာ ၃၁ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ကစပြီး ည ၁၂ နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နိုင်ငံကျော် သရုပ်ဆောင်တွေ တေးသံရှင်တွေ DJ အနုပညာရှင်တွေ အက အဖွဲ့ တွေ နဲ့ မျိုးဆက်သစ် တေးသံရှင်တွေက ဖျော်ဖြေသွားမှာ ဖြစ်ကာ ဈေးဆိုင်ခန်းတွေ စတုဒိသာ ကျွေးမွေးတာ မီးရှူး မီးပန်း ပစ်ဖောက်တဲ့ အစီအစဉ်တွေလည်း ပါဝင် မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့လည်း သေချာစီမံထားသလို ခရီးဝေးမြို့နယ်တွေက လာရောက်ဆင်နွှဲသူတွေအတွက် အိမ်အပြန် အဆင်ပြေစေဖို့ YBS ကားတွေ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။