၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး အကယ်ဒမီဆု ၁၅ ဆု ပေးအပ်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို အလေးထားပြီး အခမ်းအနားကို အရင်နှစ်ထက် ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ကြစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေနဲ့ ဆုတွေ ရွေးချယ်ရာမှာ စနစ်တကျရွေးချယ် ပြီး ရသင့်ရထိုက်သူတွေ ရရှိစေဖို့ ဆောင်ရွက်ကြစေလိုကြောင်း နဲ့ ရွှေကြိုရွေးချယ်ရေး နဲ့ ပတ်သက်ပြီး လည်း အချက်အလက်တွေကို ဘက်ပေါင်းစုံကနေ ကြည့်ပြီး ရွေးချယ်စေလိုတယ်လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာမှာလည်း ပြည်သူတွေရဲ့ သဘောထားအမြင်ကို လေ့လာသုံးသပ်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရွေးချယ်ဆောင်ရွက်သင့်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကိုတော့ အခုနှစ် ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပြီး ရုပ်ရှင်တစ်သက်တာဆု သုံးဆု အပါအဝင် အကယ်ဒမီဆု ၁၂ ဆု ချီးမြှင့်ခဲ့သလို အကောင်းဆုံးဝတ်စားဆင်ယင်မှု ဆုတွေကိုလည်း ပေးအပ်ချီးမြှင်ခဲ့ပါတယ်။