ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး၊ နေပြည်တော်၂၀၃ မိုင်အနီးရှိ သဘာဝတရားရိပ်သာမှာ သဘာဝဘေး ကယ်ဆယ်ရေးရွာနဲ့အတူ ငလျင်ပြတိုက်ကြီးတစ်ခုကို စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သဘာဝ တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရက one news ကို မိန့်ပါတယ်။

မတ်လ(၂၈)ရက်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ကားတွေ၊ အသုံးအဆောင်ပစ္စည်း တွေနဲ့ အချက်အလက်အကြောင်းအရာတွေ၊ အဆောက်အအုံပျက်စီးမှုဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအပါအဝင် လိုအပ်တာတွေကို စုဆောင်းနေပြီး စတင်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ မိန့်ကြားချက်အရ သိရပါတယ်။သဘာဝဘေးအန္တရာယ်တွေ နောင်ဖြစ်ပေါ်လာမှာကို ကာကွယ်တဲ့အနေနဲ့ကော ဖြစ်လာခဲ့ရင်လည်း ဆုံးရှုံးမှု နည်းပါးစေဖို့ စတဲ့ ယုံကြည်ချက်တွေနဲ့ အခုလိုငလျင်ပြတိုက်ကြီးကို တည်ဆောက်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မိန့်ပါတယ်။

မတ်လ ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်မန္တလေးငလျင်ကြီးနဲ့ ပတ်သက်လို့ နောင်လာနောက်သားတွေ သိရှိနိုင်ဖို့ ပြိုပျက်ခဲ့တဲ့ အဆောက်အဦနေရာတစ်ခုခုကို သတ်မှတ်ပြီး ငလျင်ပြတိုက် တည်ဆောက်စေချင်သလို နောင်လာ နောက်သားတွေအနေနဲ့ အဲဒီပြတိုက်ကိုမြင်တိုင်း မတ်လ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတွေ ထိခိုက်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကို အမှတ်ရစေဖို့အတွက် ငလျင်ပြတိုက်ကို တည်ဆောက်စေချင်တယ်လို့လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြော ကြားထားပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် လူထောင်နဲ့ချီသေဆုံးခဲ့ပြီး ဒဏ်ရာရရှိ သူတွေလည်းများပြားခဲ့သလို သာသနိကအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ လမ်းတံတားတွေ၊ ပြည်သူတွေရဲ့ အိုးအိမ် တိုက်တာတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။