ပြီးခဲ့တဲ့နှစ်ထဲက တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးဟာ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်နဲ့ ပိုမိုနက်ရှိုင်းတဲ့အဆင့်ကို ရောက်ရှိခဲ့ပြီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက် မှုမှာ ကျေနပ်ဖွယ်ရာ ရလဒ်အသစ်တွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံမှူးကြီး Dr. Zheng Zhihong (ဒေါက်တာ ကျန်းကျိဟုန်)က ပြောပါတယ်။မတ်လ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel မှာ ကျင်းပပြုလုပ်တဲ့ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက ကူမင်းမြို့မှာ အကြိမ်ကြိမ်အခါခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပြီး တရားဝင် အပစ် အခတ် ရပ်စဲရေးသဘောတူညီချက်ကို ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ဘေးအန္တရာယ်ကယ်ဆယ်ရေး စတဲ့ ကဏ္ဍတွေမှာ အကူအညီပေးတဲ့ စီမံကိန်းတွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းတွေမှာ ရလဒ်ကောင်းတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နာနတ်သီး၊ ပဲပုပ်နဲ့ အခြား စိုက်ပျိုးရေးထွက်ကုန်တွေဟာ တရုတ်နိုင်ငံဈေးကွက်ကို ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအပြင် တရုတ်နိုင်ငံကို လေ့လာရေးခရီးစဉ်တွေ သွားရောက်ဖို့ တရုတ်သံရုံးက စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်တွေ၊ တရုတ်ရုပ်ရှင်ပွဲတော်၊ “ တရုတ်ဘာသာစကား” ပြိုင်ပွဲ၊ “ မင်္ဂလာအဖြာဖြာ ဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” ယဉ်ကျေးမှုအတွေ့အကြုံ၊ အားကစားဖလှယ်မှု စတဲ့ လှုပ်ရှားမှု အမျိုးမျိုးကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အပြီးတိုင်ဖယ်ရှားပြီး ဒေသခံပြည်သူတွေရဲ့ ဘဝနဲ့ ပစ္စည်းဥစ္စာတွေ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း သံမှူးကြီး Dr. Zheng Zhihong (ဒေါက်တာ ကျန်းကျိဟုန်)က ပြောကြားခဲ့ပါတယ်။