ရန်ကုန်မြို့ လသာမြို့နယ်မှာ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် ကနေ ၃၁ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ အဲဒီ ပွဲတော်ကျင်းပရေးကော်မတီ ကနေ သိရ ပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၉ ရက်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ စျေးရောင်း ပွဲတော်ကို လသာမြို့နယ်၊ မဟာဗန္ဓုလ လမ်းမကြီးတစ်လျှောက် မနက် ၇ နာရီကနေ ၁၁ နာရီအထိနဲ့ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။စျေးရောင်းပွဲတော်ကြီးမှာ လူသုံးကုန်၊ အလှကုန်နဲ့ အစားအသောက်မျိုးစုံကို ရောင်းချပေးမယ့် ဆိုင်းခန်းတွေအပြင် တရုတ်ရိုးရာ မုန့်တွေနဲ့ ဧည့်ခံကျွေးမွေးမယ့် အစီအစဉ်တွေ ပါရှိတယ်လို့ သိရပါတယ်။

အဲဒီအပြင် တရုတ်ရိုးရာ ခြင်္သေ့နဂါးအလှ အကပြိုင်ပွဲတွေ၊ နာမည်ကြီး DJ တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ ကလေးတွေအတွက် အပျော်စီးလှေ၊ ကလေးကစားကွင်း တွေ၊ ဓာတ်ပုံရိုက်ကူးဖို့ အလှဆင်ပေးထားတဲ့နေရာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။အခုနှစ်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး အခု နှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ နဂါးနှစ်ကနေ မြွေနှစ်ကို ကူးပြောင်းရောက်ရှိတဲ့ နှစ် ဖြစ်တယ်လို့ သိရပါတယ်။