ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းက ပန်ဒါနီပြကွက်ကို ပန်ဒါနီမလေး မီးမီးနဲ့ ပန်ဒါနီအထီးလေးမောင်မောင်တို့ အသစ်ထပ်မံရောက်ရှိနေတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ရောက်ရှိနေတဲ့ ပန်ဒါနီ အထီး၊ အမ ၂ ကောင်ဟာ ၂၀၁၅ ခုနှစ်က မြစ်ကြီးနားကနေ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ ပန်ဒါနီက အသက်အရွယ် ကြီးရင့်ကာ သေဆုံးသွားတဲ့အတွက် အစားထိုးပြသနိုင်ဖို့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကနေ လွှဲပြောင်းပေးလိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာလည်း ပန်ဒါနီ ၃ ကောင် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ပန်ဒါနီမလေး မီးမီးရဲ့အရောင်ဟာ နီညိုရောင်ရင့်ရင့်ဖြစ်ပြီး အခုအခါမှာတော့ အသက် ၁၃ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ပန်ဒါနီအထီးလေးမောင်မောင်ရဲ့ ထင်ရှာတဲ့အမှတ်အသားက ဦးခေါင်းအဝါရောင်ရှိပြီး လက်ရှိမှာတော့ အသက် ၁၂ နှစ်ခန့်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ပန်ဒါနီတွေဟာ မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ တရုတ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ ကျက်စားနေထိုင်လေ့ရှိပြီး ကမ္ဘာ့အဆင့် ရှားပါးစာရင်းဝင် ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကောင်ရေကျဆင်းမှုတွေရှိနေတာကြောင့် အရေး တကြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ တိရစ္ဆာန်အရေးကျွမ်းကျင်သူတွေက မှတ်ချက်ပြု ပြောကြား ထားပါတယ်။