အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ “မောင်လေးစုပ်” တေးသီချင်းစီစဉ်သူ ဒါရိုက်တာနဲ့ ညစ်ညမ်းမေးခွန်းတွေ လိုက်လံမေးမြန်းပြီး လူမှုကွန်ရက်မှာ ထုတ်လွှင့်ပြသသူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့၊ ညစ်ညမ်းတဲ့ အပြောအဆို၊ အပြုအမူတွေပါဝင်တဲ့ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ “မောင်လေးစုပ်” တေးသီချင်းဗီဒီယို စီစဉ်သူ ဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)နဲ့ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းတွေ အမျိုးသား၊ အမျိုးသမီးတွေကို လိုက်လံမေးမြန်းပြီး အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူတွေကိုလည်း အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)နဲ့ ရန်ကုန်မြို့၊ မရမ်းကုန်း မြို့မရဲစခန်းမှာ သက်ဆိုင်ရာက အမှုဖွင့်လှစ် ထားရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။