ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးတစ်ယောက်က ဟားဗတ်တက္ကသိုလ်မှာ ပညာ သင်ကြားနေတဲ့ နိုင်ငံခြားကျောင်းသားတွေအပေါ် သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်ထားတဲ့ ဗီဇာပိတ်သိမ်းချက် အသစ်ကို ယာယီတားဆီးလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပရှိ အမေရိကန်သံရုံး တွေနဲ့ ကောင်စစ်ဌာနအားလုံးကို ဟားဗတ်တက္ကသိုလ်ကျောင်းသားဗီဇာတွေနဲ့ ဖလှယ်ရေးဧည့်ဗီဇာတွေကို ပြန်လည်ဆောင်ရွက်ပေးဖို့ ညွှန်ကြားလိုက်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို လက်မှတ်ရေးထိုးပြီး ဇွန်လ ၆ ရက်က ပေးပို့ခဲ့တဲ့ သံတမန်ရေးရာ စာတစ်စောင်မှာ တရားသူကြီးဆုံးဖြတ်ချက်အချို့ကို ကိုးကားဖော်ပြခဲ့ပြီး အဲဒီညွှန်ကြားချက်အသစ်မှာ ယာယီ တားဆီးချက်အမိန့်နဲ့အညီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီသံတမန်ရေးရာစာထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဌာနက ကျောင်းသားဗီဇာတွေနဲ့ပတ်သက်တဲ့ အခြားညွှန်ကြားချက်တွေအားလုံးဟာ ဆက်လက်အသက်ဝင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာအကောင့်တွေကို ပိုမိုတင်းကျပ်စွာ စိစစ်တာနဲ့ လျှောက် ထားသူရဲ့ အွန်လိုင်းပေါ်က အချက်အလက်တွေကို သုံးသပ်ရမယ့် လိုအပ်ချက်တွေကိုလည်း မူလအတိုင်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတထရမ့်က နိုင်ငံတော်လုံခြုံရေးအတွက် ပူပန်ရတယ်လို့ဆိုကာ နိုင်ငံတကာကျောင်းသားတွေကို ဟားဗတ် တက္ကသိုလ်မှာ ပညာသင်ကြားဖို့အတွက် အမေရိကန်ကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ထောက်ပံ့ငွေ ဘီလီယံနဲချီ ရပ်ဆိုင်းတာ၊ အခြားဘဏ္ဍာရေးအကူအညီတွေ ဖျက်သိမ်းတာနဲ့ အခွန်ကင်းလွတ်ခွင့် အခွင့်အရေး ရပ်ဆိုင်းဖို့ အဆိုတင်သွင်းတာတွေ ပြုလုပ်ခဲ့ပြီး တရားစွဲဆိုမှုများစွာ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။