နိုင်ငံခြားသားကျောင်းသားတွေ ဗီဇာလျှောက်ထားခွင့် ရပ်ဆိုင်းထားတာကို ပြန်လည် လျှောက်ထားခွင့် စတင် တော့မှာဖြစ်ပေမဲ့ လျှောက်ထားသူတွေရဲ့ လူမှုကွန်ရက်အကောင်တွေကိုတော့ အစိုးရရဲ့ စောင့်ကြည့်မှုပေးဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

လျှောက်လွှာတွေကို ကိုင်ရတဲ့ဗီဇာဌာနက အရာရှိတွေဟာ အမေရိကန်နဲ့ အမေရိကန်အစိုးရ နိုင်ငံ့ယဉ်ကျေးမှု အဖွဲ့အစည်းတွေ ဒါမှမဟုတ် အခြေခံဥပဒေသတွေနဲ့ဆန့်ကျင်နေတယ်လို့ ယူဆနိုင်တဲ့ လျှောက်ထားသူတွေရဲ့ ပို့စ်တွေနဲ့ မက်ဆေ့ချ်တွေကို သေချာစွာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။တရုတ်၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကျောင်းသားတွေဟာ ဗီဇာကြိုတင်စာရင်းပေးရေး ဝက်ဘ်ဆိုဒ် တွေကို စောင့်ကြည့်နေခဲ့ကြပြီး ဘယ်အချိန်မှာ ဗီဇာအစီအစဉ် ပြန်စတင်မလဲဆိုတဲ့ သတင်းအချက်အလက်တွေ သိရဖို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့သတင်းအစီအစဉ်တွေကို သေချာစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

အခုပေါ်လစီသစ်ဟာ ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ ပညာတတ်တွေ အမေရိကန်ကို ဝင်ခွင့်ပိတ်ခဲ့တဲ့ စစ်အေး ကာလက အတွေးအမြင်စနစ် စစ်ဆေးမှုကို ပြန်သတိရစေတယ်လို့ ကိုလံဘီယာ အခြေစိုက် Knight First Amendment Institute ရဲ့အမှုဆောင်ဒါရိုက်တာ ဂျမီးလ်ဂျက်ဖာက ပြောကြားခဲ့ပါတယ်။ဒီပေါ်လစီက ဗီဇာအရာရှိတိုင်းကို လူမှုကွန်ရက် စစ်ဆေးသူတွေအဖြစ် ပြောင်းသွားစေပြီး အဲဒါက အမေရိကန် နိုင်ငံ အတွင်းအပြင်နှစ်ခုလုံးမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာပြောဆိုခွင့်ကို ချုပ်ငြိမ်းသွားစေလိမ့်မယ်လို့ ဂျက်ဖာက ပြောကြားခဲ့ပါတယ်။