နယူးဆောက်သ်ဝေးလ်စ် စာရင်းစစ်ချုပ်ရဲ့ မကြာသေးခင်က အစီရင်ခံစာအရ ဆစ်ဒနီတက္ကသိုလ်နဲ့ နယူး ဆောက်သ်ဝေးလ်စ်တက္ကသိုလ်တွေဟာ နှစ်စဉ် ဝင်ငွေ ၃ ပုံ ၁ ပုံကို တရုတ်ကျောင်းသားတွေဆီက အဓိက ရရှိ နေတယ်လို့ VNExpress သတင်းမှာ ဖော်ပြထားပါတယ်။နယူးဆောက်သ်ဝေးလ်စ်တက္ကသိုလ် ၁၀ ခုမှာ တရုတ်ကျောင်းသားတွေ အပ်နှံမှုကြောင့် စုစုပေါင်းဝင်ငွေရဲ့ ၁၆ ရာခိုင်နှုန်း ရရှိနေတာဖြစ်ပြီး အဲဒီဝင်ငွေသာမရှိခဲ့ရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် နစ်နာမှာ ဖြစ်ပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေက လာရောက်တဲ့ကျောင်းသားတွေဆီက ရရှိတဲ့ ဝင်ငွေဟာ ပြည်တွင်း တက္ကသိုလ်ကျောင်းသားတွေဆီကရတဲ့ ဝင်ငွေထက် အနည်းငယ်သာလွန်နေတာ ဖြစ်ပါတယ်။ တရုတ်ကျောင်းသားတွေ လွှမ်းမိုးလာတာက ပထဝီနိုင်ငံရေး ပြောင်းလဲမှု၊ ဗီဇာနဲ့ခရီးသွားလာမှုကန့်သတ်ချက် ပြောင်းလဲမှုတွေ ဖြစ်လာပြီး ဝင်ငွေ၊ လုပ်ငန်းလည်ပတ်မှုနဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိခိုက်နိုင်တာကြောင့် သတိပြုသင့်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

အခုအခါမှာတော့ နိုင်ငံတကာကျောင်းသားအရေအတွက်ကို ကန့်သတ်ဖို့ အဆိုပြုချက် တင်သွင်းထားပြီး ကျောင်းသားဗီဇာစည်းမျဉ်းတွေလည်း ပိုတင်းကျပ်လာတာကို တွေ့ရပါတယ်။ သြစတြေးလျ ပညာရေးဝန်ကြီး ဌာနရဲ့အဆိုအရ ၂၀၂၄ ခုနှစ်က နိုင်ငံတကာကျောင်းသား ၁ သန်းကျော် စံချိန်တင်လက်ခံခဲ့ပြီး တစ်ဝက်ကျော်က တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။