၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ သိပ္ပံဘာသာတွဲရဲ့ အမှတ်အများဆုံးရရှိသူ မောင်ဂျူးသက်ကိုက အနာဂတ် မှာ ကလေးအထူးကုဆရာဝန်ကြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံးမှာ သိပ္ပံဘာသာ တွဲမှာ အမှတ်အများဆုံး ရရှိသူအဖြစ် စကုမြို့ No.1 ကိုယ်ပိုင်ကျောင်းက (၆)ဘာသာဂုဏ်ထူးရှင် မောင်ဂျူးသက် ကို ဖြစ်ပြီး ရမှတ်ပေါင်းကတော့ (၅၄၇)မှတ် ဖြစ်ပါတယ်။မောင်ဂျူးသက်ကိုဟာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကျေးရွာက အခြေခံပညာအထက်တန်းကျောင်းမှာ မူလတန်းကနေ အလယ် တန်းအဆင့်အထိ တက်ရောက် ပညာသင်ကြားခဲ့ပြီး အခြေခံပညာအထက်တန်းအဆင့်ကိုတော့ စကုမြို့၊ No.1 ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ မောင်ဂျူးသက်ကိုဟာ သူဝါသနာပါတဲ့ ဆေးတက္ကသိုလ် တက်ရောက်ပြီး ကလေးအထူးကု ဆရာဝန်ကြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

မောင်ဂျူးသက်ကိုဟာ သူငယ်တန်းကနေ Grade-12 အထိ အတန်းစဉ်တိုင်း ပထမဆုရရှိခဲ့ပြီး အလယ်တန်း ပညာသင်ဆု နဲ့ အင်္ဂလိပ်စာ ထူးချွန်ဆုတွေလည်း ရရှိခဲ့သလို Grade-10 ကနေ Grade-12 အထိ သုံးထပ်ကွမ်း လူရည်ချွန် ဖြစ်ပါတယ်။ဒါ့အပြင် Grade-10 တက်ရောက်နေစဉ် ဂျပန်နိုင်ငံက ကျင်းပပြုလုပ်တဲ့ Sakura Science Exchange Program မှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရ ပါတယ်။