ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံတွေကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးရုံးခန်းမှာ တရုတ်ပညာရှင်တွေနဲ့ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။အဲဒီဆွေးနွေးမှုမှာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တရုတ်-မြန်မာ ချစ်ကြည်ရေးအနေနဲ့ မန္တလေးနန်းမြို့ရိုးပတ်လည်ဧရိယာရှိ မြို့ဝင်ပေါက်၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ ပြာသာဒ်၊ မီးတား အင်္ဂါအပြည့်အစုံပါတဲ့ တစ်နေရာကို ပြုပြင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တန်ဖိုးကြီးမားပြီး အနုလက်ရာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပျက်ပုံ အတိုင်းထိန်းသိမ်းပြီး အန္တရာယ်ကင်းအောင်နဲ့ ထပ်မံပြိုကျတာတွေ မရှိစေဖို့ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို တရုတ်ပညာရှင်တွေ အနေနဲ့ အကြံဉာဏ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပညာရှင်အဖွဲ့ကတော့ မြို့ရိုးမှာ ပျက်စီးခဲ့တဲ့အစိတ်အပိုင်းတွေကို RC ကွန်ကရစ်နဲ့ ငလျင်ဒဏ်ခံနိုင်အောင် ရည်ရွယ်တည်ဆောက်တာကို မလုပ်ဘဲ ရှေးမူမပျက် ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ပျက်စီး နေတဲ့ အစိတ်အပိုင်းတွေကိုသာ RC ကွန်ကရစ်နဲ့ ပြန်လုပ်မယ်ဆိုရင် မိုးရေစိမ့်ဝင်လာတဲ့အခါ အတွင်းကရေ ပြန် မထွက်နိုင်ဘဲ မူလရှေးဟောင်းအုတ်ချပ်တွေ တဖြည်းဖြည်း ဆွေးမြေ့ပျက်စီးစေနိုင်တဲ့အတွက် ရှေးနည်းနဲ့သိပ္ပံ နည်းပေါင်းစပ်ပြီး ဆောင်ရွက်ဖို့လိုကြောင်းလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှေးဟောင်းအဆောက်အအုံတွေကို ပျက်စီးမှ ဆောင်ရွက်တာထက် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရေး ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပညာရှင်အဖွဲ့ဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မန္တလေးဒေသ၊ အင်းဝ၊ မက္ခရာ၊ စစ်ကိုင်း အစရှိတဲ့ ရှေးဟောင်းအဆောက်အအုံ (၂၇) နေရာကို သွားရောက်လေ့လာတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာကနေ သိရပါတယ်။