ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ် မြောက် အာဇာနည်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ကျောင်းသားကျောင်းသူတွေ နဲ့ အများပြည်သူတွေ လာရောက် လေ့လာ ကြည်ရှုမှု များပြားတာကိုတွေ့ရပါတယ်။

ဗိုလ်ချုပ် ပြတိုက်(ရန်ကုန်)မှာတော့ အထူးပြပွဲ ခင်းကျင်း ပြသထားပြီး မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲထိ အများပြည်သူကို အခမဲ့ လေ့လာ ကြည့်ရှုခွင့်ပြုတာဖြစ်ပါတယ်။အထူးပြပွဲမှာတော့ ဘုတ်ပြားတွေနဲ့ ပြသတာ၊ IT နည်းပညာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်နဲ့ မြေယာရှုခင်းတွေကို 3D Virtual Tour ပြသတာ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Designကို ပြသတာ၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ဗီရိုတွေ အတွင်းရှိ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးပြီး Mobile Application နဲ့ ပြသတာ၊ 3D Holographic Fan နဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတွေ၊ နှစ်အလိုက်အထူးပွဲ ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံမှတ်တမ်းပြကွက်တွေကို Touch Screenနဲ့ ပြသပေးတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၂၁ ခုနှစ်က အကျယ်အဝန်း ၂ ဒသမ ၄၂၃ ဧကရှိတဲ့ မြေကွက်ပေါ်မှာ အနောက် တိုင်း ဗိသုကာဟန်ရောနှောထားတဲ့ ၂၀ ရာစု ဥရောပပုံစံတည်ဆောက်ခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ နေအိမ်မှာ မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ်ကနေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။