မြန်မာယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(MCHT)က ကြီးမှူးပြီး မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမယ်လို့ (MCHT)ကနေ သိရပါတယ်။အဲဒီသင်တန်းဟာ ၁၂ လကြာ သင်တန်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်မှစတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ အေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်းမှာ သင်ကြားပို့ချပေးသွားမှာပါ။

သင်တန်းချိန်တွေကတော့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။သင်တန်းသားအနေနဲ့ ၁၅ ယောက်အထိသာ လက်ခံသင်ကြားပေးမှာဖြစ်ပြီး အသက် ၁၆ နှစ်ကနေ ၄၅ နှစ် အတွင်း ကျားမ မရွေး ဝါသနာပါပြီး စိတ်အားထက်သန်သူ၊ ကျန်းမာရေးကောင်းမွန်ပြီး လက်နဲ့ မျက်လုံး အသုံးပြု ရာမှာ ကောင်းမွန်သူနဲ့ အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လာရောက်သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ရဲစခန်းပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံစာတို့ကို ယူဆောင်လာရမှာဖြစ်ပြီး လျှောက်လွှာတွေကိုတော့ ဇွန်လ ၈ ရက်မှစတင်ကာ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ပန်းခြံ၊ မြန်မာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးမှာ စတင်ထုတ်ယူနိုင်ပြီး ဇွန်လ ၁၅ ရက်မှာ နောက်ဆုံးထား တင်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။




