မိုးရာသီကာလမှာ မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတတ်တဲ့အတွက် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း နှစ်ရပ်ကို ဆောင်ရွက် နေကြတယ်လို့ ဆိုပါတယ်။မိုးတွင်းကာလအတွင်း ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသ အလိုက် စုဖွဲ့လေကျင့်ပြီး ကြိုတင်ဆောင်ရွက်နေကြတယ်လို့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။အခုနှစ် မိုးဦးကာလမှာ မိုးသည်းထန်စွာ ရွာသွန်တာကြောင့် တိုင်းဒေသကြီး/ပြည်နယ်တချို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက် တွေမှာ ရေဝင်ရောက်တာတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက သွား ရောက်ကာ ရေဘေးလွတ်ရာကို ကူညီကယ်ဆယ်ရွှေ့ပြောင်းတာတွေ ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်အနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့နဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ရှာဖွေကယ်ဆယ်ရေး တပ်ခွဲတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ နေရာတွေကို သွားရောက် ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်က သိရပါတယ်။