တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုပြီး မအောင်မြင်ခဲ့သူတွေ တက်ရောက်နိုင်မဲ့ Polytechnic Institute ကိုဖွင့်လှစ်ဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေလ၂၄ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမမှာ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

အဲဒီ Polytechnic Institute ကို ပထမနှစ် တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate ရရှိမှာဖြစ်ပြီး နောက်ထပ်၂ နှစ် တက်ရောက်အောင်မြင်ပြီးရင် ဒီပလိုမာရရှိမှာ ဖြစ်ကာ Polytechnic University ကို ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။Polytechnic နည်းပညာတွေကို သင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူတွေ မွေးထုတ်နိုင်မှာ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး နယ်ပယ်နဲ့ စက်မှုနယ်ပယ်တို့မှာ ကျွမ်းကျင်သူတွေ ပိုမို ပေါ်ထွက်လာမှာဖြစ်တယ်လို့ ပြောပါတယ်။ကွန်ပျူတာနဲ့နည်းပညာကို ပေါင်းစပ်ထားတဲ့ Polytechnic University တွေကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။