နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ရဲ့ ဒုတိယနေ့ကို ဇွန်လ၂၆ ရက်က ဆက်လက် ကျင်းပပါတယ်။ ဒုတိယနေ့မှာတော့ ဖိုရမ်ကိုတက်ရောက်လာသူတွေက အဖွဲ့(၂)ဖွဲ့ခွဲပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ဆွေးနွေးကြတဲ့အကြောင်းအရာကတော့ ပထမပိုင်းအစီအစဉ်မှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံတော်ရဲ့ပကတိအခြေအနေတွေနဲ့ ရွေးကောက်ပွဲရဲ့အရေးပါမှု၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေနဲ့အညီ လွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်တဲ့အစီအမံတွေ စတဲ့ အကြောင်း အရာတွေကို ဦးဆောင်ဆွေးနွေးသူတွေက ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒုတိယပိုင်းအစီအစဉ်မှာ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည် ဆောက်ရေးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာအသိုက်အဝန်း တွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တာနဲ့ပတ်သက်ပြီး ဦးဆောင်ဆွေးနွေးသူတွေက ဆွေးနွေးကြပါတယ်။အဲဒီနောက်မှာတော့ တက်ရောက်လာသူတွေက ပြန်လည်ဆွေးနွေးကြပါတယ်။ အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကို ဇွန်လ၂၅ ရက်ကနေ ဇွန်လ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပနေ တာဖြစ်ပြီး NSPNC က တာဝန်ရှိသူတွေ၊ တပ်မတော်ကအဆင်မြင့်အရာရှိကြီးတွေ၊ အငြိမ်းစားတပ်မတော်အရာ ရှိကြီးတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ကြသူတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ လေ့လာသူတွေ တက်ရောက်ကြပါတယ်။