ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းဆိုင်ရာသင်တန်းကို မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်းနဲ့ INGO တစ်ခုတို့ပူးပေါင်းပြီး အခမဲ့ဖွင့်လှစ်သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပြီး ပိတ်ဆေးဆိုးတာနဲ့ ပိတ်ရက်လုပ်တဲ့လုပ်ငန်းတွေ အပါအဝင် ချည်မျှင်နဲ့အထည်အလိပ်လုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ အတတ်ပညာတွေကို သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

အခမဲ့သင်တန်းဖွင့်လှစ်နိုင်ဖို့အတွက် လတ်တလောမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး လာမယ့် ဖေဖေါ်ဝါရီ(၇) ရက်မှာ ထပ်မံပြုလုပ်မယ့်အစည်းအဝေးပြီးရင် ထပ်မံအသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ လုပ်သားတွေဟာ ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေ များလာတဲ့အတွက် ပြည်တွင်း အထည်ချုပ် လုပ်ငန်းမှာ ကျွမ်းကျင်လုပ်သားတွေ နည်းပါးလာတာကြောင့် လုပ်သားအသစ်တွေကို ခေါ်ယူသင်တန်းပေးကာ လုပ်ဆောင်နေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်ကြမ်းရရှိမှုအခက်အခဲ၊ လျှပ်စစ်မီး အခက် အခဲ၊ ကျွမ်းကျင်လုပ်သားအခက်အခဲ အစရှိတာတွေကြောင့် အထည်ချုပ်လုပ်ငန်းမှာ ထိခိုက်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားနည်းပါးလာတာကြောင့် လုပ်သားအနည်းငယ်သာ အသုံး ပြုရပြီး ထုတ်ကုန်များများ ထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် Fully Automatic စက်ပစ္စည်းတွေကို ပိုပြီးအသုံးပြုလာ ကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။