၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမမှာ မေ (၂၂) ရက်က ကျင်းပပါတယ်။ ကလေးငယ်တွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေး ကျောင်းအပ်နှံပေးဆိုတဲ့ ဆောင်ပုဒ် နဲ့ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

၅ နှစ်ပြည့်ပြီး ကလေးငယ်တွေ ကျောင်းအပ်နှံကြဖို့နဲ့ မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို ကျောင်းထားကြ ဖို့၊ အသိပညာရရှိစေဖို့ ရည်ရွယ်ပြီး အခမ်းအနားကို ကျင်းပတာဖြစ်တယ်လို့ မကွေးတိုင်း ပညာရေးမှူး ဒေါက်တာ ကျော်စိုးလင်းက ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ အခြေခံပညာကျောင်းပေါင်း (၅၀၀၀)ရှိတဲ့အနက် ကျောင်းပေါင်း (၃၃၀၀)ကျော် ဖွင့်လှစ်ဖို့ ရှိနေပြီး နယ်မြေအခြေအနေပေါ် မူတည်ကာ ကျန်တဲ့ကျောင်းတွေကိုလည်း ဖွင့်လှစ်သွားဖို့ စီစဉ်သွားမယ်လို့ ဆို ပါတယ်။ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေ (၂၂) ရက်ကနေ ဇွန် (၁) ရက်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုနှစ် ပညာသင်နှစ်မှာ ကျောင်းအပ်နှံကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘယ်အခကြေးငွေကိုမျှ ပေးသွင်းစရာ မလိုဘဲ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ စတာတွေကိုလည်း အခမဲ့ ထောက်ပံ့သွား မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ မေ ၂၂ ရက်စပြီး ကျောင်းအပ်စတင် လက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။