မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်အတွင်းရှိ ကျေးရွာတွေ အနေနဲ့ မိကျောင်းအန္တရာယ် သတိထားဖို့ အသိပေး ထုတ်ပြန်ထားတယ်လို့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်၊၊

ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တွေက နှစ်ရက်ဆက်တိုက် ဘိုကလေးမြို့နယ်အတွင်းရှိ ချောင်းဗြဲကြီး ကျေးရွာအုပ်စုနဲ့ လှေလုံးကွဲကျေးရွာတွေက ချောင်းတွေမှာ ရွာသားနှစ်ယောက် မိကျောင်းဆွဲခံရမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားစေရေးအတွက် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက တာဝန် ရှိသူတွေက မိကျောင်းအန္တရာယ် သတိထားကြဖို့ အသံချဲ့စက်နဲ့ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောနဲ့ထိစပ်ရာ မြစ်၊ ချောင်းတွေမှာ နေ့စဉ် လှည့်လည်အသိပညာပေး နှိုးဆော် ဆောင်ရွက်နေတယ်လို့ သိရ ပါတယ်၊၊အခု ဇွန်လကနေ ဩဂုတ်လအတွင်းဟာ မိကျောင်းတွေရဲ့ အသိုက်ဖွဲ့ ပြုလုပ်တဲ့ ကာလ ဖြစ်တဲ့အတွက် ရေချို ရေငန်စပ် မိကျောင်းတွေ ရှင်သန်ပေါက်ပွား ကျက်စားတဲ့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ ဆက်စပ်ရာ ဒီရေတောဒေသတွေမှာ မိကျောင်းအန္တရာယ်ရှိတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ အသိပေး နှိုးဆော်ခဲ့ ပါတယ်၊၊

အဲဒီဒေသတွေအတွင်း နေထိုင်ကြသူတွေအနေနဲ့ ချောင်းစပ်ကမ်းစပ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေကို လွှတ် ကျောင်း မွေးမြူတာတွေ မပြုလုပ်ဖို့၊ ကျေးရွာသူ၊ ကျေးရွာသားတွေနဲ့ ကလေးငယ်တွေအနေနဲ့ ချောင်းအတွင်း ရေကစားတာ၊ ရေထဲကို ခုန်ချတာ၊ ကမ်းစပ်မှာ အဝတ်လျှော်တာ၊ အချိန်ကြာမြင့်စွာ ရေချိုးတာတွေကို မပြုလုပ်ဖို့၊ ငါး၊ ပုစွန်တွေ ရှာဖွေကြတဲ့ ရေလုပ်သားတွေအနေနဲ့လည်း သတိကြီးစွာ ထားရှိဖို့ နှိုးဆော်ထားတယ်လို့ သိရပါ တယ်၊၊အဲဒီအပြင် မိကျောင်းတွေ ကမ်းစပ်တွေမှာ ခိုလှုံမှု မရှိစေရေး ကမ်းစပ်တွေရှိ ချုံ၊ နွယ်၊ ပိတ်ပေါင်းတွေကို ရှင်းလင်း ထားရှိဖို့၊ မိကျောင်းတွေ ရေပြင်မှာ သွားလာကူးသန်းတာတွေကို တွေ့ရှိရင် တုတ်၊ ခဲတွေနဲ့ ပစ်ပေါက် ခြောက်လှန့် တာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေး နှိုးဆော်ထားပါတယ်။