၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းကို ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ရာ တစ်နိုင်ငံ လုံးအတိုင်းအတာ နဲ့ အောင်ချက် ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူဟာ (၂၀၇၈၉၈) ယောက်ရှိပြီး အောင်မြင်သူ (၉၉၉၂၄) ယောက် ရှိတဲ့အတွက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုသူ တစ်သိန်း နှစ်သောင်းကျော်ရှိပြီး ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်တဲ့အတွက် အောင်ချက် ၅၈ ရာခိုင်နှုန်း နီးပါး ရှိခဲ့အတွက် အခုနှစ်မှာတော့ အောင်ချက် ၁၀ ရာခိုင်နှုန်းနီးပါးလောက် လျော့ကျလာတာ ဖြစ်ပါတယ်။အောင်စာရင်းတွေကိုတော့ သက်ဆိုင်ရာ မြိုနယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းတွေမှာ ဇူလိုင် ၂၇ ရက်၊ မနက် ၆ နာရီမှာ တစ်ချိန်တည်း ကပ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဆိုက်ဖြစ်တဲ့ www.myanmarexam.org မှာတော့ မနက် ၄ နာရီကစပြီး ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

အောင်ချက်အကောင်းဆုံး တိုင်း နဲ့ပြည်နယ်ကတော့ မွန်ပြည်နယ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ အများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးက ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး နဲ့ ကယားပြည်နယ်က ၅၁ ဒသမ ၅၂ ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။အောင်ချက်အနည်းဆုံးကတော့ ချင်းပြည်နယ် ဖြစ်ပြီး ၂၆ ဒသမ ၉၆ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။၂၀၂၅ ခုနှစ် မတ်လက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ကျောင်းသား/ကျောင်းသူ နှစ်သိန်းကျော် ရှိတဲ့အနက် အဲဒီထဲမှာ ဖြေဆိုသူ ခြောက်သောင်းကျော်ရဲ့ အဖြေလွှာတွေ မန္တလေးငလျင်ကြီးကြောင့် မီးလောင် ပျက်စီး ခဲ့ပါတယ်။အဲဒါကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တဲ့ တိုင်း နဲ့ ပြည်နယ်တွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်ထိ ပြန်လည် ကျင်းပခဲ့ပြီး ဖြေဆိုသူ ခြောက်သောင်းကျော် ရှိခဲ့ပါတယ်။