မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာတွေ မီးလောင် ပျက်စီးသွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက တက္ကသိုလ် ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေကို ဇွန် (၁) ရက်စပြီး သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ ထုတ်ပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေက ဖြေဆိုသူဦးရေ ၆၂၉၅၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၃၇၆၉၅၆ အုပ်တို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့တာပါ။အဲဒါကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်တွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။

စာမေးပွဲ ပြန်လည်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ စာအုပ်တွေနဲ့ တခြား လိုအပ် တာတွေကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမှာပါ။ ဒါ့အပြင် ပြန်လည်ဖြေဆိုမဲ့ ကျောင်းသားကျောင်းသူတွေ အတွက် သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ တက္ကသိုလ် ပါမောက္ခတွေ၊ ကထိကတွေနဲ့ အခြေခံပညာကျောင်း ဆရာဆရာမတွေက ဘာသာရပ်အလိုက် အနီးကပ် ပို့ချတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။