အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေမှာ မေ ၂၂ ရက်ကစလို့ ကျောင်းအပ်လက်ခံနေပြီး အဲဒီနေ့မှာ ကျောင်းအပ်နှံသူ ၁ ဒသမ ၂ သန်းကျော် ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းတွေမှာ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်ထိ သတ်မှတ်ထားပြီး ကျောင်းတွေကိုတော့ ဇွန် ၂ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့လည်း ဆိုပါတယ်။

ကျောင်းအပ်နှံရာမှာလည်း အခကြေးငွေလုံးဝပေးစရာမလိုဘဲ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေး ဝန်ကြီးဌာနက အခမဲ့ပေးအပ်တဲ့ ကျောင်းသုံးဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ ကျောင်းဝတ်စုံတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံနေမှုတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးတွေက ဝန်ကြီးချုပ် တွေ၊ တိုင်းစစ်ဌာနချုပ်အသီးသီးက တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ၊ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်တာတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံသူ ၆ သန်းကျော်ရှိခဲ့ပြီး ကျောင်းအပ်နှံသူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ခဲ့တယ်လို့လည်း သိရပါတယ်။