စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်နဲ့ ရွာထောင်ရပ်ကွက်တွေက ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အလယ်တန်းကျောင်းခွဲတွေမှာ ကွန်တိန်နာ ကျောင်းဆောင်တွေ ယာယီပြုလုပ်ပြီး ပညာသင်ကြားပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။အာဆီယံ AHA Centre က ထောက်ပံ့လှူဒါန်းတဲ့ ကွန်တိန်နာကျောင်းဆောင်(Prefabricated Schools)တွေနဲ့ ယာယီကျောင်းဆောင်တွေ ပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားပေးနေတာလို့ ဆိုပါတယ်။

အဲဒီအပြင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်းက ဝန်ထမ်း နေအိမ်အဆောက်အဦတွေကို ကြံ့ခိုင်မှု စစ်ဆေးနေသလို Modular House တွေမှာ နေထိုင်ကြတဲ့ ဝန်ထမ်း မိသား စုတွေအတွက် စားဖိုဆောင် အဆောက်အဦသစ်တွေကိုလည်း တည်ဆောက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦတွေနေရာမှာ ပြန်လည်တည်ဆောက်ပေးနေတာနဲ့ ပညာသင်ကြားပေးနေတာတွေကို ဇွန် ၃၀ ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ တာဝန် ရှိသူတွေက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်တာတွေ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါတယ်။