လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ မြောင်းမြမြို့က ကျောင်းသူတွေရန်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး Grade-6ကျောင်းသူကို ရိုက်နှက်ခဲ့တဲ့ Grade-7နဲ့ Grade-9ကျောင်းသူ၂ယောက်နဲ့ ဗီဒီယိုရိုက်ကူးသူ Grade-7ကျောင်းသားတို့ကို မိဘတွေထံပြန်လည်အပ်နှံခဲ့ပြီး ခံဝန်လက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၈ရက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ၁၉ရက်မှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရိုက်နှက်ခံရတဲ့ Grade-6ကျောင်းသူ၊ ရိုက်နှက်တဲ့ Grade-7နဲ့ Grade-9ကျောင်းသူတွေနဲ့ အုပ်ထိန်းသူမိဘတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ဆေးမေးမြန်းပြီးတဲ့နောက် ရိုက်နှက်တဲ့ ကျောင်းသူ၂ယောက်နဲ့ ဗီဒီယိုရိုက်တဲ့ကျောင်းသားကို ကျောင်းစည်းကမ်းဖောက်ဖျက်တဲ့အတွက် အုပ်ထိန်းသူမိဘတွေထံပြန်လည်အပ်နှံခဲ့ပြီး နောက်နောင် အလားတူကိစ္စတွေ ထပ်မံမကျူးလွန်စေဖို့ လက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အခုပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်ကို ၂၀၂၅ခုနှစ်၊ ဇွန်လ၁၈ရက်မှာ လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လည်း မြောင်းမြခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဆိုပြီး ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ကလည်း ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မဟုတ်ဘူးလို့ သိရပါတယ်။