ရခိုင်ပြည်နယ်မှာ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းတွင်း နှစ်ဆုံး စာမေးပွဲကို နယ်မြေဒေသအခြေအနေတွေအရ အချိန်စောပြီးစစ်ဆေးနေတာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ကနေ သိရပါတယ်။
အဲဒီလိုအချိန်စောစစ်ဆေးရတာဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲရဲ့အကြံပေးမှုတွေနဲ့ လတ်တ လောဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ကျောင်းသားမိဘတွေနဲ့ကျောင်းသားကျောင်းသူတွေက စာမေးပွဲဖြေဆိုမှု နှောင့်နှေးကြန့်ကြာလာမှာကို စိုးရိမ်နေမှုတွေကို ဖြေလျော့ပေးတဲ့အနေနဲ့ အချိန်စောပြီးစစ်ဆေးရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုအချိန်မှာ ကျောင်းသားကျောင်းသူတွေကိုလည်း သင်ကြားမှုသင်ခန်းစာတွေက ပြီးစီးနေပြီဖြစ်တယ် လို့ ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။ ပုံမှန်နှစ်တွေမှာဆိုရင် ကျောင်းတွင်းစစ်စာမေးပွဲတွေကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှာ စစ်ဆေးနေကျ ဖြစ်တယ်လို့ သိရပါတယ်။
အခြေခံပညာမူလတန်းအဆင့်(Grade-4)ကို တစ်နေ့ နှစ်ဘာသာနှုန်းနဲ့ ဘာသာရပ်(၁)ခုကို စာသင်ချိန်တစ်ချိန်စာ၊ အလယ်တန်း အဆင့်(Grade-6)( Grade-7)( Grade-8)တို့ကို တစ်နေ့(၁)ဘာသာနှုန်းနဲ့ ဘာသာရပ်(၁)ခုကို (၁)နာရီစီ၊ အထက်တန်းအဆင့်(Grade-10)( Grade-11)တို့အတွက် တစ်နေ့တစ်ဘာသာနှုန်းနဲ့ ဘာသာရပ်တစ်ခု ကို ဖြေဆိုချိန် (၂)နာရီစာကို ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက်အထိ စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင်အထက်တန်းအဆင့်(Grade12)အတွက် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ခြင်း စစ်ဆေးအကဲ ဖြတ်စာမေးပွဲကို ဇန်နဝါရီ ၂၉ ရက်ပဲ တစ်နေ့(၁)ဘာသာနှုန်းနဲ့ ဘာသာရပ်(၁)ခုကို ဖြေဆိုချိန် ၃ နာရီ စစ်ဆေး သွားမှာဖြစ်ပါတယ်။ ခရိုင်စစ်ဖြစ်တဲ့(Grade-5)နဲ့ ပြည်နယ်စစ်ဖြစ်တဲ့ (Grade-9)စာမေးပွဲတွေကိုတော့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲက အခြေခံပညာ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ရောက်ရှိနေတဲ့နီးစပ်ရာကျေးရွာ၊ မြို့နယ်တွေက အခြေခံ ပညာကျောင်းတွေမှာ စာမေးပွဲတွေကိုသွားရောက်စာရင်းပေးပို့ပြီး ဝင်ရောက်ဖြေဆိုနိုင်တယ်လို့လည်း ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ရဲ့ ပြောကြားချက်အရသိရပါတယ်။