၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ အကျဉ်းသား/အကျဉ်းသူတွေ၊ လူငယ်သင်တန်းကျောင်းတွေက ကလေးသူငယ်တွေ ပညာသင်ယူခွင့် ဆက်လက်ရရှိရေး ဆောင်ရွက်ပေးသွားမယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား ၇ ယောက်၊ မန္တလေး ဗဟိုအကျဉ်း ထောင်က အကျဉ်းသား ၁၆ ယောက် စုစုပေါင်း အကျဉ်းသား ၂၃ ယောက် အောင်မြင်ခဲ့သလို လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းနဲ့ လူငယ်သင်တန်းကျောင်းတွေက လူငယ် သင်တန်းသား ၈ ယောက်၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက သင်တန်းသား ၂ ယောက် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်မြင်သူတွေထဲမှာတော့ ၄ ဘာသာဂုဏ်ထူးရှင် တစ်ယောက်၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ယောက် နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၃ ယောက် ပါဝင်ခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအနက် ၄ ဘာသာဂုဏ်ထူးရှင်ကတော့ ဝိဇ္ဇာဘာသာတွဲမှာ တစ်နိုင်ငံလုံး တတိယအမှတ် အများဆုံး ရရှိခဲ့တယ်လို့လည်း သိရပါတယ်။