ငလျင်လှုပ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ အဖြေလွှာတွေဟာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းကို အကဲဖြတ်စစ်ဆေးတာတွေ မပြုလုပ်ရသေးတာကြောင့် ပြန်လည်ဖြေဆိုရမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက ပြောပါတယ်။

မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးမှုရှိခဲ့ ပြီး စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃) မြို့နယ်ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်း သား၊ ကျောင်းသူတွေဟာ စာမေးပွဲပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စာစစ်ဌာန(၃၅)မှာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၃၀၀၅)ယောက် ဖြေဆိုခဲ့ကြတာဖြစ်ပြီး စာမေးပွဲအဖြေလွှာတွေကို မန္တလေးတက္ကသိုလ်ကို အပ်နှံရတာဖြစ်တယ်လို့ ဦးသက်လေးဦးက ပြောပါတယ်။ မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်ရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်တွေက တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေ ၆၂၉၅၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၃၇၆၉၅၆ အုပ်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ဇွန်လ(၁၆)ရက်ကနေ (၂၁) ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမှာပါ။ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမြို့နယ် (၁၂)မြို့နယ်က ဖြေဆိုသူတွေကတော့ မူလစာဖြေဌာနတွေမှာ ပြန်လည်ဖြေဆိုရမှာ ဖြစ်ပေမဲ့ စစ်ကိုင်းမြို့နယ်မှာတော့ စာဖြေဌာနဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့လို့ စစ်ကိုင်းပညာရေး တက္ကသိုလ်မှာ ပြောင်းလဲဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။