မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာတွေ မီးလောင် ပျက်စီးသွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအတွက်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်ထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။မတ်လ ၂၈ ရက်က မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်တဲ့ မြေငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးခဲ့သလို နောက်ဆက်တွဲ အဖြစ် မီးလောင်မှုပါ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ကို ရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တွေက ဖြေဆိုသူဦးရေ ၆၂၉၅၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၃၇၆၉၅၆ အုပ်တို့ဟာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။အဲဒါကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်တွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်ထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဇွန်လ ၁၆ ရက်မှာ မြန်မာစာ၊ ဇွန်လ ၁၇ ရက်မှာ အင်္ဂလိပ်စာ၊ ဇွန်လ ၁၈ ရက်မှာ သင်္ချာ၊ ဇွန်လ ၁၉ ရက်မှာ ဓာတု ဗေဒ/ပထဝီဝင်၊ ဇွန်လ ၂၀ ရက်မှာ ရူပဗေဒ/သမိုင်း နဲ့ ဇွန်လ ၂၁ ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာ ရပ်တွေကို မနက် ၉ နာရီကနေ ၁၂ နာရီထိ ဖြေဆိုရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။အရင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာရပ်အားလုံး ဖြေဆိုခဲ့ သူတွေကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမှာ ဖြစ်ပြီး ဖြေဆို ခွင့် ရရှိသူစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ်၊ ခရိုင် ၊ မြို့နယ် ပညာရေးမှူးရုံးတွေ နဲ့ စာစစ်ဌာနတွေမှာ ကြေညာပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက (မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက (၁) (တမူး)၊ အထက (၂) (ရွှေဘို)၊ အထက (၁) (ရေဦး)၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက (မော်လိုက်)၊ အထက (ကင်းတပ်) နဲ့ အထက (အရာတော်) စတဲ့ စာစ်ဌာန (၁၀) ခုမှာ ဖြေဆိုခဲ့သူတွေအနေနဲ့ ပြန်လည်ဖြေဆိုဖို့ မလို အပ်ဘူး လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီအပြင် ပြန်လည် ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃၁ ခုကတော့ ပြောင်းလဲ ဖြေဆိုရမှာ ဖြစ်ပြီးတော့ မပါဝင်တဲ့ ကျန်စာစစ်ဌာန တွေကတော့ မူလ စာစစ်ဌာနတွေမှာသာ ဖြေဆိုရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် အခုပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားတွေကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာနတွေမှာ သက်ဆိုင်ရာ တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူးတွေထံမှ လာမယ့် ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ရိုက်ထုတ်ယူရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ငလျင်ဟာ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ် ဖြစ်တဲ့အတွက် အခုလို အခြေအနေမှာ Grade-12 စာမေးပွဲ ပြန်လည်ကျင်းပမယ်ဆိုရင် နိုင်ငံတော် နဲ့ နိုင်ငံ့ဝန်ထမ်းတွေ အထူးသ ဖြင့် ငလျင်ဘေးဒဏ် ခံစားနေရတဲ့ ဝန်ထမ်းတွေ နဲ့ ငလျင်ဘေးဒဏ်ခံစားနေရတဲ့ ကျောင်းသား/ကျောင်းသူတွေ ကျောင်းသားမိဘ တွေအတွက် တစ်ပူပေါ် နှစ်ပူဆင့်ပြီး မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တယ်လို့လည်း ပြည်သူ့ရှေ့ဆောင်ပါတီက အကြုံပြု တိုက်တွန်းထားပါတယ်။