ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာဘုရားဝင်းအတွင်းရှိ မတ္တရာပရိယတ္တိစာသင်တိုက်၊ Grade မတ္တရာအခမဲ့ပညာဒါနကျောင်းမှာ ငွေကြေးမတတ်နိုင်လို့ အခက်အခဲဖြစ်ပေါ်နေတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူတွေကို ပညာသင်ကြားပေးနေရာ လက်ရှိ တက်ရောက်နေသူဟာ အရင်နှစ်တွေကထက် ပိုမိုများပြားလာတယ်လို့ အဲဒီကျောင်းတိုက်မှ ဆရာတော် အရှင်ဘဒ္ဒန္တတေဇောဘာသက မိန့်ပါတယ်။
ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး ဝင်ငွေနဲ့ထွက်ငွေ မမျှမတဖြစ်လို့ သားသမီးတွေကို တက္ကသိုလ်ဝင်တန်း ထပ်ပိုးပညာ သင်ကြားပေးဖို့ ငွေကြေးအခက်အခဲဖြစ်ပေါ်နေချိန်မှာ အခုလို အခမဲ့ပညာဒါနကျောင်းရှိတဲ့အတွက် အင်မတန် ဝမ်းသာမိသလို အခြားမြို့နယ်တွေမှာလည်း အခုလိုပညာဒါနကျောင်းတွေ များများရှိလာရင် ပိုကောင်းမယ်လို့ ဒဂုံမြို့နယ်မှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

Grade မတ္တရာအခမဲ့ပညာဒါနကျောင်းကနေ နှစ်စဉ် ထူးချွန်တဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ဂုဏ်ထူးရရှိသူတွေ ကို ပညာရည်ချွန်ဆုပေးပွဲတွေ ပြုလုပ်ပေးသလို သင်ကြားပေးတဲ့ဆရာ/ဆရာမတွေကိုလည်း အာစရိယပူဇော်ပွဲ တွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီ မတ္တရာပရိယတ္တိစာသင်တိုက်မှာ Grade မတ္တရာအမည်နဲ့ အခမဲ့ပညာဒါနကျောင်းနဲ့ ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေရေးအဖွဲ့တည်ထောင်ဖွင့်လှစ်ထားသလို အဘိဓမ္မာသင်တန်းတွေ၊ ဓမ္မစကူးသင်တန်းတွေလည်း ဖွင့်လှစ် ထားပါတယ်။ ဒါ့အပြင် ရေဘေး၊ မီးဘေး အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ လှူဒါန်းနေတာတွေ အပါအဝင် အခြားပရဟိတလုပ်ငန်းတွေကိုပါ တက်တက်ကြွကြွလုပ်ဆောင်နေတယ်လို့ သိရပါတယ်။