ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ရွှေကျင်မြစ်ရေ ဝင်ရောက်တာကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းအချို့ကို ကျောင်းသန့်ရှင်းရေးတွေပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။

ရွှေကျင်မြို့နယ်မှာ ဇူလှိုင် ၂၅ ရက်ကစပြီး ရေဝင်ရောက်ခဲ့တဲ့ စာသင်ကျောင်း ၃၉ ကျောင်းကို ယာယီပိတ်ထားခဲ့ရာ အခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားတာကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းအချို့ကို ကျောင်းသန့်ရှင်းရေးတွေပြုလုပ်ပြီး ပြန်လည် ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်တယ် လို့ဆိုပါတယ်။ ကျောင်းပိတ်ထားချိန်အတွင်း ကျောင်းသင်ခန်းစာတွေ နောက်မကျစေဖို့ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ အစားထိုး ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ စာသင်ကျောင်း ၂၀ ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျန်တဲ့ကျောင်းတွေကိုလည်း မြစ်ရေပြန်လည်ကျဆင်းသွားရင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမယ်လို့ မြို့နယ်ပညာရေးမှူးရုံးကသိရပါတယ်။