ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ အခြေခံပညာကျောင်းပေါင်း ၁၇၀၀ ကျော်ကို ယာယီပိတ်ထားရတယ်လို့ ပညာရေးဝန်ကြီးဌာနက One News သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဖြေကြားထားပါတယ်။
လက်ရှိအချိန်အထိ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ အခြေခံပညာကျောင်းပေါင်း ၁၇၄၉ ကျောင်းကို ယာယီပိတ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းတွေ ယာယီပိတ်ထားရတဲ့ကာလမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေဖို့နဲ့ ထိခိုက်မှုမရှိစေဖို့ ရေကျပြီးနောက်ပိုင်းပိတ်ရက်တွေမှာ အစားထိုး ပြန်လည်တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာနက ဖြေကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အခြေခံပညာကျောင်းပေါင်း ၁၁၂၀ ရှိပြီး ပျက်စီးမှုတွေအတွက် ဘဏ္ဍာငွေတင်ပြတောင်းခံကာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ဖြေကြားထားပါတယ်။