မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နားလည်မှုစာချွန်လွှာ(၃)ခု လက်မှတ်ရေးထိုး ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၀ ခုရှိ လူထုအသိုက်အဝန်းကို ပံ့ပိုးကူညီဖို့အတွက် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ ၃ ခုကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးရဲ့ ဒုတိယ အကြီးအကဲတို့ဟာ ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်မှာ လက်မှတ်ရေထိုး ခဲ့တာပါ။စီမံကိန်းတွေထဲက နှစ်ခုကတော့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာရှိတဲ့ မူလသိပ္ပံကျောင်းတွေမှာ သက်မွေးဝမ်းကျောင်း သင်တန်းနဲ့ စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပံ့ပိုးပေးတာတွေ ပါဝင်ပါတယ်။ အဲဒီစီမံကိန်းတွေ ဟာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါးနဲ့ ထားဝယ် စတဲ့ မြို့ကြီး(၁၁)မြို့မှာ ဖြန့်ကြက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တတိယ စီမံကိန်းကတော့ ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်(၅)ခုမှာ မူးယစ်ဆေးစွဲခဲ့ကြသူတွေ ပြန်လည်ထူထောင် ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ် တာနဲ့ သင်ကြားရေးအထောက်အကူတွေ ပေးအပ်တာတွေကို အဓိကထား ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံမှာ အကျိုးသက်ရောက်မှုမြင့်မားတဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်တွေအပေါ်မှာ မမှိတ်မသုန် ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။