မြန်မာနိုင်ငံက ဘွဲ့ကြိုနဲ့ဘွဲ့လွန်ကျောင်းသားတွေ လျှောက်ထားနိုင်တဲ့ DISP ပညာတော်သင်ဆုကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ရပ်ဆိုင်းလိုက်ကြောင်း VOA သတင်းမှာ ရေးသားထားပါတယ်။ USAID ကနေ ထောက်ပံ့ ပေးထားတဲ့ Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆုအစီစဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက မြန်မာနိုင်ငံက ကျောင်းသားတွေ စတင်လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/FILES_1738126439991_1738126440327.webp)
ပညာတော်သင်ဆု ရရှိသူတွေဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက တက္ကသိုလ် မှာ လူကိုယ်တိုင် တက်ရောက်နိုင်မယ့်အပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်ရဲ့ အွန်လိုင်းစနစ် ကနေလည်း ပညာသင်ကြားခွင့် ရရှိမှာဖြစ်ပါတယ်။
USAID က ဦးစီးပြီး DISP အောက်မှာ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက်ရည်ရွယ်ပြီး ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိတဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ထားတာဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/images-2-7.jpg)
ဒါဟာ မြန်မာနိုင်ငံအတွက် အလွန်များပြားတဲ့ငွေပမာဏဖြစ်ပြီး အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ချွေတာမယ့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ထရမ့်က ပြောကြားထားပါတယ်။
မြန်မာကျောင်းသား၊ကျောင်းသူပေါင်း ၈၀၀ လောက်ရဲ့ ပညာသင်ကာလ ၅ နှစ်တာ အချိန်အတွက် အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာ မှာ လိုအပ်တဲ့ ပညာရေးအတွက် စီစဉ်ခဲ့တဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/images-3-3.jpg)
ဒါပေမဲ့လည်း အခုလို ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် DISP ပညာတော်သင်ဆု လျှောက်ထားဖို့ စီစဉ်နေတဲ့ မြန်မာကျောင်းသားတွေရော လက်ရှိမှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေအတွက်ရော များစွာထိခိုက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။