ငလျင်ဒဏ်သင့် ဒေသတွေအတွက် မေတ္တာပို့ကူညီထောက်ပံ့ခြင်း အလှူခရီးစဉ် ကြွရောက်နေတဲ့ မိုင်းဖုန်း ဆရာ တော်ကြီးဟာ ဧပြီ ၂၃ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတိုက် မှာ တရားဟောကြားခဲ့ပါတယ်။ဆရာတော်ကြီးရဲ့ တရားပွဲကို ရပ်နီး ရပ်ဝေးက ပြည်သူတွေ သောင်းနဲ့ချီ လာရောက်ဖူးမြော် ကြည်ညိုနာယူကြ တာကို တွေ့ရပြီး ဆရာတော်ကြီးက အဆောင်လက်ဖွဲ့တွေ စွန့်ကြဲခဲ့ပါတယ်။

အခုလို ကြွရောက်လာတာက ရွှေ၊ ငွေ၊ ပစ္စည်းလိုချင်လို့ မဟုတ်ဘဲ ပြည်သူတွေကို မေတ္တာလာပို့တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးနဲ့ ဆုံတွေ့ရတာက လည်း ပဋ္ဌာန်းဆက်နဲ့ အကြောင်းအကျိုးကြောင့်ဖြစ်ပြီး မေတ္တာ ကရုဏာ မုဒိတာတရား လက်ကိုင်ထားကြဖို့ မိုင်းဖုန်း ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ဒါ့အပြင် အကုသိုလ်များလို့ သေကျေပျက်စီးရတာ ဖြစ်တဲ့အတွက် ကုသိုလ် တရား များများ ပွားများဖို့နဲ့ တချို့က လည်း ဝိပါကကြောင့် အကျိုးခံစားရတာ၊ တွေ့ကြုံရတာ ဖြစ်တယ် လို့လည်း ထပ်မံ မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆရာတော်ကြီးဟာ ငလျင်ဘေးဒဏ်ခံစားရသူတွေကို မေတ္တာ ပို့သပေးတာနဲ့ ငလျင်ဘေးကြာင့် သေဆုံးသွားသူတွေကို မေတ္တာပို့သ အမျှပေးဝေတာတွေ ဆောင်ရွက်တော် မူခဲ့ပါတယ်။ငလျင်ဒဏ်သင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီး နေရာလေးနေရာမှာ စားသောက်ကုန်နဲ့ ဆေးဝါး ပစ္စည်းတွေ ကူညီထောက်ပံ့လှူဒါန်းဖို့ မိုင်းဖုန်းဆရာတော်ကြီး ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ ဧပြီ ၁၉ ရက်၊ မနက်ပိုင်းက စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။