မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ပေးနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုကိုတော့ ဇန်နဝါရီ (၁၆)ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာပါ။

တွေ့ဆုံစဉ်မှာ မသန်စွမ်းသူတွေအတွက် စိတ်ဓာတ်မြှင့်တင် ဖော်ဆောင်ပေးနိုင်ရေးနဲ့ အခွင့်အလမ်းတွေ ပိုမို မြှင့်တင်ပေးနိုင်ဖို့၊ လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှရှိရေးနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စေဖို့၊ ဆန်းသစ်တီထွင်မှုနဲ့ အားကစားကဏ္ဍမှာ မသန်စွမ်းသူတွေ အားလုံးပါဝင်နိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး အလုပ်အကိုင်၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနယ်ပယ်တွေမှာ မသန်စွမ်းသူတွေကို ချိတ်ဆက် ပေးနိုင် ရေးနဲ့ ရုပ်သံအသိပညာပေး အစီအစဉ် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင် မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေပြီး ပြည်ပမှာပါ သွားရောက် လုပ်ကိုင်နိုင်ဖို့အတွက် စီစဉ်ပေးနေတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က သိရပါတယ်။