မလေးရှားနိုင်ငံမှာ အဆင့်မြင့်ပညာသင်ယူဖို့ သွားရောက်ကြတဲ့ လူငယ်တွေ များလာတယ်လို့ EMGS ပညာရေး ဝန် ဆောင်မှုလုပ်ငန်းက သိရပါတယ်။

အရင်က ပညာသင်ယူဖို့အတွက် စင်ကာပူ၊ ဩစတြေးလျနဲ့ ယူကေ၊ အမေရိကန် နဲ့ ကနေဒါ စတဲ့ နိုင်ငံတွေကိုသာ သွားရောက်ကြတာများပါတယ်။အခုအခါမှာ ဈေးသက်သာတဲ့ အာရှနိုင်ငံတွေက အဆင့်မြင့်ပညာရေးကျောင်းတွေမှာ သွားရောက်ကြတာရှိလာတာ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးအကြံပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူ မရွှေရည်လှမင်းက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက ကျောင်းသားကျောင်းသူတွေအနေနဲ့ မလေးရှားနိုင်ငံမှာ ကျောင်းတက်ချင်တဲ့သူတွေ အတွက် ရည်ရွယ်ပြီး မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန EMGS ပညာရေး ဝန်ဆောင်မှုလုပ်ငန်းနဲ့ စီပွားပန်းခင်း ကုမ္ပဏီအုပ်စု(မြန်မာ)တို့ဟာ ဇန်နဝါရီ (၂၄)ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Hotel မှာ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ပါတယ်။ အခမ်းအနားမှာ မလေးရှားနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးစနစ်တွေ၊ ပညာရေးအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။