၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းတွေရဲ့ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကျင်းပစစ်ဆေးမယ့်ရက်ကို ပြောင်းလဲကျင်းပသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။
ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေ၊ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အင်အားဖြည့်ပါဝင်ဆောင်ရွက်နေရတာကြောင့်အခုလို ရက်ပြောင်းလဲကျင်းပစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ပညာသင်နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေမှာဖွင့်လှစ်မယ့် ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းတွေ၊ ဆေးပညာမဟာသိပ္ပံသင်တန်းတွေနဲ့ ပါရဂူဘွဲ့သင်တန်းတွေအတွက် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေကို အရင်က အောက်တိုဘာ(၃)ရက်နဲ့ (၄)ရက်နေ့တွေမှာ ကျင်းပစစ်ဆေးဖို့ကြေညာထားတာပါ။
အခုလက်ရှိမှာတော့ အဲဒီဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေကို အောက်တိုဘာ(၂၂)ရက်နဲ့(၂၃)ရက်နေ့တွေမှာ ကျင်းပစစ်ဆေးဖို့ ပြောင်းလဲသတ်မှတ်ကြောင်း အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။