၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးရရှိသူ ၅၀၇ ယောက်ကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားတွေ ချီးမြှင့်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ မှာ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တာပါ။
အရင်နှစ်တွေက အခုလို ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး အခုနှစ်မှာတော့ တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူအားလုံးကို နိုင်ငံ တော်အဆင့် ပထမအကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အခုနှစ်မှာလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအလိုက် ရမှတ်အများဆုံး ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံတွေကို လေ့လာရေးခရီးသွားရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဝိဇ္ဇာနဲ့ သိပ္ပံနယ်ပယ် နှစ်ခုလုံးမှာ ကျွမ်းကျင်တဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ လိုအပ်တာကြောင့် လူငယ်တွေအနေနဲ့ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ် နှစ်ခုလုံးကို တန်ဖိုးထား လေ့ လာဖို့ တိုက်တွန်းလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။