ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင် ၃၀ ရက်၊ နေ့လယ်ပိုင်းအထိ အခြေခံပညာကျောင်းပေါင်း ၄၅၀ ကို ယာယီပိတ်ထားရတယ်လို့ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးဌေးဝင်းအောင်ကပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့)မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်က အခြေခံပညာကျောင်း ၁၈၉ ကျောင်းနဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်)မှာရှိတဲ့ မြို့နယ် ၁၁ မြို့နယ်က အခြေခံပညာကျောင်း ၂၆၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၄၅၀ အထိ ယာယီပိတ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
ယာယီပိတ်ထားရတဲ့ ကျောင်းတွေကိုတော့ ရေပြန်ကျသွားချိန်မှာ သန့်ရှင်းရေးလုပ်ပြီးရင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး စာသင်ချိန်တွေ နောက်ကျမှုမရှိစေရေးအတွက် တနင်္ဂနွေပိတ်ရက်တွေမှာ ပြန်လည်သင်ကြားပေးမှာဖြစ်တယ်လို့ ဦးဌေးဝင်းအောင်က ပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၃၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ကျော်လွန်ကာ ၁၀၀၃ စင်တီမီတာကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။