အခုနှစ် နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်ဆိုတဲ့အပေါ် မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်မှာ ပြန်လည်ဖြေကြားထားပါတယ်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာစာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ထားတဲ့ ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်ဆိုပြီး ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။အခု နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းတက်ရောက်ရမယ်ဆိုတာ မဟုတ်ပါကြောင်း ပညာရေး ဝန်ကြီးဌာနရဲ့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ ကျောင်းတက်ရမယ့်ရက်ကို လာမယ့် ဧပြီလ ၁ ရက်ကနေ မေလ ၉ ရက်အထိ သတ်မှတ်ထားတာဖြစ်ပြီး ဧပြီလမှာ ၁၅ ရက်၊ မေလမှာ ၅ ရက်၊ စုစုပေါင်း ရက် ၂၀ တိတိ ကျောင်းပြန်တက်ရမှာဖြစ်တယ်လို့ သိရကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။လက်ရှိမှာတော့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ ပိတ်ရက် မရှိ ကျင်းပနေပါတယ်။