ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာရှိတဲ့ ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် ပထမအကြိမ် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ၈ရက်၊ မနက်ပိုင်းက ကျင်းပပြီး ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒနဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေ ကြွရောက်တော်မူပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ပါတယ်။

အခမ်းအနားမှာ ဩဋါဒါစရိယဆရာတော်ကြီးတွေထံက သာရဏီယဩဝါဒကထာ နာယူကြည်ညိုပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ယူဝမ်းမြောက်စကား လျှောက်ထားပါတယ်။ဆက်လက်ပြီး ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံက ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် သင်ကြားစီမံဆရာတော်တွေ၊ ဆရာကြီးတွေက ဂုဏ်ပြုလက်မှတ်တွေ လက်ခံရယူပါတယ်။

အဲဒီနောက် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ဘွဲ့ခံရဟန်းတော်တွေကို ဘွဲ့တံဆိပ်အဆောင်အယောင်တွေနဲ့အတူ သက်ဆိုင်ရာဘွဲ့အသီးသီးကို အပ်နှင်းပါတယ်။ဘွဲ့ခံရဟန်းတော်တွေကို ဘွဲ့တွေအပ်နှင်းအပြီးမှာ ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံက သမ္မောဒနီယဩဝါဒကထာ နာယူကြည်ညိုကြတယ်လို့ သိရပါတယ်။အခုကျင်းပတဲ့ ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် ပထမအကြိမ်မဟာဘွဲ့နှင်းသဘင်အခမ်းအနားမှာ Ph.Dဘွဲ့ရ ရဟန်းတော်၂ပါး၊ MAဘွဲ့ရ ရဟန်းတော်၂၁ပါးတို့ကို ဘွဲ့တွေအပ်နှင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။