၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ဖြေဆိုနေကြပြီဖြစ်ပြီး စာမေးပွဲပထမနေ့မှာတော့ မြန်မာစာဘာသာရပ်ကို ဖြေဆိုကြပါတယ်။ အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသွင်းတာကို မဖြေဆိုခင် တစ်ရက်အလိုအထိ လက်ခံခဲ့သလို ဖြေဆိုမယ့် စာစစ်ဌာနပြောင်းရွှေ့တာကိုလည်း မဖြေဆိုခင် တစ်ရက်အလိုအထိ လက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ ဖြေဆိုဖို့ စာရင်းပေးသွင်းသူတွေကလည်း မနှစ်ကထက် ပိုများပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂၂၀၀၀၀ ဝန်းကျင်ရှိကာ စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ပထမဆုံးဖြေဆိုရတဲ့ မြန်မာစာဘာသာရပ်ရဲ့ မေးခွန်းဟာ အရမ်းကြီးခက်ခဲတာမျိုးမရှိပဲ လွယ်ကူတဲ့အခြေအနေ ရှိတယ်လို့ ရန်ကုန်မြို့ အ.ထ.က(၆) ဗိုလ်တထောင် စာစစ်ဌာနမှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား မောင်ရဲထက်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၉၁ ခု ဖွင့်လှစ်ထားပြီး ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၃၉၂၆၃ ယောက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါ တယ်။အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။